Tuesday, June 17, 2008

Sedona Hotel ရဲ့လူသားခြင်းစာနာကူညီပေးမယ့် ညစာစားပွဲ

မေလ ၂ ရက်နေ့ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ် ခံရသူများနှင့် မေလ ၁၂
ရက်နေ့က ဖြစ်ပေါ်ခဲ့သော တရုတ်ငလျင်ဒဏ် ခံရသူများအား
လူသားခြင်းစာနာထောက်ထားသောအားဖြင့် အကူအညီ ပေးနိုင်ရေးအတွက် ရန်ပုံငွေ
ဘူဖေးညစာစားပွဲအခမ်းအနားကို မန္တလေးမြို့ Sedona Hotel က ဇွန်လ ၁၇ ရက်နေ့
ည ၇ နာရီမှ ၁၀ နာရီထိ ဟိုတယ်ရှိ ရေကူးကန်ဘေး မြက်ခင်းပြင်မှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ Operation Manager ဖြစ်သူ Mr Koichi
Tanaka မှ နှုတ်ခွန်းဆက်စကားပြောကြားပါတယ်။ ညစာစားပွဲမှာ Green House
တေးဂီတအဖွဲ့မှ သီဆို ဖျော်ဖြေကာ တီးဝိုင်းပစ္စည်းများကို
တိမ်လွှာအသံချဲ့စက်လုပ်ငန်းမှ ပံ့ပိုးကူညီပါတယ်။ ဘူးဖေးညစာစားပွဲလက်မှတ်
များကို လူကြီးတစ်ဦးလျှင် ကျပ် ၂၅၀၀၀၊ ကလေးတစ်ဦးလျှင် ကျပ် ၁၅၀၀၀
ဖြင့်ရောင်းချခဲ့ရာ လက်မှတ်ပေါင်း ၂၅၀ ကျော် ရောင်းချနိုင်ခဲ့ကြောင်း
Sedona Hotel မှ မ၀င်းလဲ့ကပြောကြားပါတယ်။ ဘီယာ၊ အချိုရည်၊ ရေသန့်ရောင်းချ
ရငွေများ အားလုံးကိုလည်း လှူဒါန်းမှာဖြစ်သလို လေလံစနစ်ဖြင့် Ambassador
Suite Room, Club Suite Room, Premier Suite Room, Deluxe Room
အခန်းခများ၊ အားကစားလေ့ကျင့်ခန်းမ အသင်းဝင်ကြေးများအား စိတ်ကြိုက်
ဈေးနှုံးများဖြင့် ယှဉ်ပြိုင်ရောင်းချပေးခဲ့ကာ ရရှိငွေများကို
လှူဒါန်းမှာဖြစ်ပါတယ်။ Green House တေးဂီတအဖွဲ့ရဲ့ တေးသံသာများနှင့်အတူ
သီဆိုကခုန်ရင်း ရန်ပုံငွေပွဲမှာ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။
ကောက်ခံရရှိငွေများအားလုံးမှ တစ်ဝက်ကို နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့်လည်းကောင်း၊ ကျန်တစ်ဝက် ကို
ငလျင်ဒဏ်ခံရသူများအတွက်
မန္တလေးအခြေစိုက်တရုတ်ကောင်စစ်ဝန်ရုံးမှတဆင့်လည်းကောင်း
ပေးပို့လှူဒါန်းသွား မှာဖြစ်ပါတယ်။ သဘာဝဘေးအန္တာရယ်ဆိုးကြီးဖြစ်သော
မုန်တိုင်းဒဏ်နဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သော၊ ဒဏ်ရာရခဲ့သေ၊
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သောသူများအားလုံးအတွက်ဝမ်းနည်းကြေကွဲရသလို
မန္တလေးမြို့သူမြို့သားများရဲ့ ဒါနအင်အားကိုတွေ့မြင်ရတာ အလွန်မှ
အားရစရာကောင်းလှပါတယ်လို့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူက ပြောကြားပါတယ်

No comments: