Wednesday, June 4, 2008

ဘ၀အမော ပြေစေလိုသူများ

မန္တလေးခရိုင် ၇ မြို့နယ်မှ ဆိုင်း၊ ဘိသိက်၊ အငြိမ့်လူရွှင်တော်၊
မင်းသမီးများစုပေါင်းကာ ဆိုင်ကလုန်းမုန်တိုင်းနာဂစ်
ဒဏ်ခံရသူပြည်သူများတို့အား ဘ၀အထောက်အကူပြုစေရန်ရည်သန်၍
အနုပညာလုပ်အားဒါနဖြင့် သီဆိုဖျော်ဖြေ ကပြကာ အလှူခံထွက်ကြပါတယ်။
မန္တလေးသဘင်ကြီးကြပ်မှုကော်မတီရဲ့ ဦးဆောင်မှုနဲ့ လှည့်လည်ဖျော်ဖြေကာ
အလှူခံကြတာဖြစ်ပြီး ရရှိလာတဲ့ အလှူငွေ၊ ပစ္စည်းအားလုံးကို
မုန်တိုင်းသင့်သူများထံအရောက် စစ်မှန်သော သဒ္ဓါဖြင့်
ကူညီပေးပို့မှာဖြစ်ပါတယ်။ အလှူခံမော်တော်ယာဉ်ဟာ ဇွန်လ ၄ ရက်နေ့မှာ
လောကနတ်ခန်းမ (သဘင်အစည်း အရုံး)မှ ဘုရားကြီးတောင်ဖက်ရေစင်ကွေ့၊
စိန်းပန်းရပ်ကွက်စုံ၊ ဇွန်လ ၅ ရက်နေ့မှာ လမ်း ၈၀၊ ၃၉ လမ်း၊ ၇၈ လမ်း
ရတနာပုံဈေး၊ ဘူတာကြီး၊ မင်္ဂလာဈေး၊ ဇွန်လ ၆ ရက်နေ့မှာ ဈေးချိုတော်၊
ညောင်ပင်ဈေး၊ အောင်တော်မူရေအိုးစင်၊ ဇွန်လ ၇ ရက်နေ့မှာ
ဘုရားကြီးအရှေ့ဖက်၊ မန္တလေးတက္ကသိုလ်မြောက်ပေါက်၊ ၇၃ လမ်း၊ ၂၇ လမ်း၊
၆၂လမ်း၊ နန်းရှေ့ဈေး၊ မြောက်ပြင်အရိပ်မထွက်ဘုရား၊ ဇွန်လ ၈ ရက်နေ့မှာ
တမ္မ၀တီကွက်သစ်၊ အမရပူရမြို့နယ်များသို့ သွားရောက်အလှူခံကြပါတယ်။
ကယ်တင်ခြင်းသည် မွန်မြတ်၏။ ကူညီခြင်းသည် နွေးထွေး၏။ စာနာခြင်းသည်
အရာရာကိုလှပစေ၏။ ဆိုတဲ့စာတမ်းလေးကို လက်ကမ်းကြော်ငြာမှာ
ထည့်သွင်းရိုက်ထားပါတယ်။ အနုပညာရှင်များ နှင့်အတူ ပြည်သူအပေါင်းမှ
ပါဝင်ကူညီနိုင်ရေးအတွက် နေ့ရောညပါ မနားမနေ မန္တလေးမြို့တစ်ခွင် လှည့်လည်
အလှူခံ ကြတာဖြစ်ပါတယ်။ ဟာသပညာဖြင့် ဖျော်ဖြေရင်း
အလှူငွေရဖို့ငိုသောမျက်လုံးကို အပြုံးဖုံးပြီး ငိုချင်သော်လည်း
ရယ်အောင်ပြုကာ ညစ်ညူးသည့်စိတ်များကို ပြေဖျောက်ပြီး အလှူငွေရဖို့
ကြိုးစားသွားကြမယ်လို့ လူရွှင်တော်တစ်ဦးမှပြောကြားပါတယ်။

No comments: