Wednesday, June 4, 2008

နာဂစ် တစ်လပြည့် ဆုတောင်းပွဲ

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနဲ့ ဒက္ခအထွေထွေ
ရောက်နေကြရသူများအတွက် ရည်စူးကာ မန္တလေးမြို့ပေါ်ရှိ
ကိုးကွယ်မှုဘာသာတရားအသီးသီးမှ ဘာသာဝင်များ စုပေါင်းပြီး
မေတ္တာပို့ဆုတောင်းခြင်းအခမ်းအနား ကို မုန်တိုင်းဒဏ်ခံရပြီး
တစ်လပြည့်သောနေ့ဖြစ်သော ဇွန်လ ၃ ရက်နေ့ ညနေ ၅ နာရီက မန္တလေးမြို့ ၈၂ လမ်း၊
၂၅ x ၂၆ လမ်းကြားရှိ ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်းမှာ
ကျင်းပပြုလုပ်ပါတယ်။ အခမ်းအနားမှာ ကိုးကွယ်မှုဘာသာအသီးသီးမှ
ကိုယ်စားလှယ်များကို မိတ်ဆက်ပေးပြီး ဖာသာရ် မာကု ဦးတင်ဝင်းမှ
ကြိုဆိုနှုတ်ခွန်းဆက်စကား မိန့်ကြားပါတယ်။ ဆိုက်ဂလုံးမုန်တိုင်းကြောင့်
သေဆုံးသွားရသူများနှင့် လေဘေးသင့်ပြည်သူများအတွက်
ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ၁ မိနစ်ငြိမ်ကာဆုတောင်းကြပါတယ်။
အဲဒီနောက် တက်ရောက်လာတဲ့ ကိုးကွယ်မှုဘာသာအသီးသီးမှ ကိုယ်စားလှယ်တစ်ဦးစီက
ဖယောင်းတိုင်မီးထွန်းညှိကြပါတယ်။ ဗုဒ္ဓဘာသာ၊ ရှီးယပ် အစ္စလာမ်သာသနာ၊ ဃရာနာ
အစ္စလာမ်သာသနာ၊ ဟိန္ဒူဘာသာ၊ ကက်သလစ်သာသနာနှင့် ခရစ်ယာန်အသင်းတော်များမှ
ကိုယ်စားလှယ်များနှင့် ပရိသတ်များစွာက မိမိတို့ကိုယ်ကွယ်ရာဘာသာအသီးသီးမှ
ဆုတောင်းမေတ္တာပို့သခြင်းကို ဆက်လက်ဆောင်ရွက် ကြပြီး အခမ်းအနားကို
ငြိမ်သက်စွာနဲ့ ပြီးဆုံးစေခဲ့ပါတယ်။

No comments: