Monday, August 13, 2007

သိပ္ပံနည်းစနစ်ကျကျ ဖရဲသီးစားသုံးခြင်း

သိပ္ပံနည်းစနစ်ကျကျ ဖရဲသီးစားသုံးခြင်း

အရည်ရွှမ်း၍ ချိုမြမြရှိသော ဖရဲသီးသည် နွေခေါင်ခေါင်ကာလများ၌ လူအများ နေ့စဉ်စားသုံးသည့် သစ်သီးဝလံ ဖြစ်သည်။ သို့ရာတွင် ဖရဲသီးသည် လူတိုင်းလည်း စားသုံးရန်မသင့်ပါ။ စားသုံးသည် ဖြစ်စေကာမူ သိပ္ပံနည်း စနစ်ကျကျ ဂရုတစိုက် စားသုံးရမည်။ အချို့သော ဝေဒနာရှင်များ (သို့မဟုတ်) တစ်စုံတစ်ခုသော အခြေအနေ၌ မစားသုံးလျှင် အကောင်းဆုံးဖြစ်သည်။

ဆီးချိုရောဂါဝေဒနာရှင်များ

ဖရဲသီးတွင် သကြားဓာတ် (၅%)၊ အဓိကမှာ ဂလူးကို့(စ)ဓာတ်၊ ကြံသကြားဓာတ်နှင့် သစ်သီးသကြားဓာတ်အချို့ ပါဝင်ခြင်းကြောင့် ဖရဲသီးစားပြီးနောက် သွေးသကြားဓာတ် တိုးတက်စေတတ်သည်။ ဆီးချိုရောဂါ ဝေဒနာရှင်များသည် အချိန်တိုတိုအတွက် ဖရဲသီး အလွန်အကျွံ စားသုံးမိလျှင် သွေးသကြားဓာတ် မြင့်တက်ရုံမျှမက ၄င်းအခြေအနေကြောင့် ရောဂါအခြေအနေများ ပိုမိုပြင်းထန်၍ ရောဂါသစ်များ အစားထိုးဝင်ရောက် ပြောင်းလဲလာနိုင်ကာ အချဉ်ဓာတ်ပေါက်ပြီး အဆိပ်သင့် စေနိုင်ပါသည်။

ကျောက်ကပ်၏လုပ်ဆောင်နိုင်မှုအားနည်းသူများ

ကျောက်ကပ်၏ လုပ်ဆောင်နိုင်မှု အားနည်းသူများ အနေဖြင့် ဖရဲသီး အလွန်အကျွံ စားမိလျှင် ၄င်းအခြေအနေကြောင့် ရေဓာတ်အများအပြား လက်ခံရရှိကာ ရေကိုအချိန်မှီ မစွန့်ပစ်နိုင်ဖြစ်ပြီး၊ ခန္ဓာကိုယ်တွင်း၌ ရေဓာတ်များ စုဆောင်းသိုလှောင်မှု ပမာဏ ကျော်လွန်၍ သွေးဆံ့ဝင်မှုပမာဏ များပြားလာစေနိုင်ပါသည်။ ထို့ကြောင့် ရေဖျဉ်းစွဲနာအဖြစ် ပိုမိုပြင်းထန် လာရုံမျှမကပဲ နှလုံးစွမ်းအား လုံးဝကုန်ခန်းသွားပြီး ရောဂါများ အလွယ်တကူ ဖြစ်ပွားလာစေနိုင်သည်။ ယင်းကြောင့် ၄င်းရောဂါရှင်များ အနေဖြင့် ဖရဲသီးကို လျှော့စားခြင်း (သို့မဟုတ်) ဖြစ်နိုင်လျှင် မစားသုံးသင့်ပေ။


အအေးမိစအချိန်ကာလ

တရုတ်တိုင်းရင်းဆေးပညာအနေဖြင့် အအေးမိစအချိန်သည် အပေါ်ယံရောဂါအဖြစ် မှတ်ယူ၍ ရောဂါဘယကို အပေါ်ယံ ပျံ့လွင့် ကုထုံးနည်းဖြင့် ကုသကြသည်။ ထို့အပြင် ၄င်းကုထုံး မပြီးဆုံးခင်တွင် ခုခံကာကွယ်ခြင်းသည် ရောဂါအခြေအနေကို ပိုမိုပြင်းထန်စေသည်ဟု ယူဆကြသည်။ ဖရဲသီးသည် အတွင်းအပူကို ငြိမ်းအေးစေသည့် အာနိသင်ရှိခြင်းကြောင့် ထိုအချိန်၌ ဖရဲသီးစားသုံးခြင်းသည် အအေးမိခြင်းကို ပိုမိုပြင်းထန်စေနိုင်သည် သို့မဟုတ် ရောဂါကို ရှည်ကြာစေနိုင်သည်။

ထမင်းမသုံးဆောင်မီနှင့်သုံးဆောင်ပြီးစချိန်၌ စားသုံးရန်မသင့်

ဖရဲသီးအတွင်းရှိ ရေဓာတ် အမြောက်အများသည် အစာအိမ်အတွင်းရှိ အစာခြေဓာတ်ရည်များကို စုပ်ယူစေတတ်ခြင်းကြောင့် ထမင်းမသုံးဆောင်မီနှင့် သုံးဆောင်ပြီးစအချိန်၌ စားသုံးပါက အစားအစာများ၏ အစာချေဖျက်စုပ်ယူမှုကို ထိခိုက်စေသည်။ ထို့ပြင် ထမင်းမသုံးဆောင်မီ ဖရဲသီး အများအပြားစားသုံးပါက အစာအိမ်၏ မျက်နှာပြင်ထုထည်ကို နေရာယူသကဲ့သို့ဖြစ်ကာ ထမင်းစားသုံးစဉ် အာဟာရဓာတ်များ လက်ခံရရှိနိုင်မှုအား လျော့ပါးစေပါသည်။

ရေခဲစိမ်ဖရဲသီးလျှော့စားရန်

ပူအိုက်သည့် နေ့ရက်များ၌ ရေခဲစိမ် ဖရဲသီးစားသုံးခြင်းသည် အပူဒဏ်ဖြေလျော့မှု အာနိသင်ရှိသော်လည်း အစာအိမ်ကို လွန်စွာ ထိခိုက်စေခြင်းကြောင့် အလွယ်တကူ ပျက်စီးမှု ဖြစ်စေသည်။ ဖရဲသီးကို အပူချိန် ၈ ဒီဂရီ မှ ၁၀ ဒီဂရီစင်တီဂရိတ်ခန့်ရှိသည့် အအေးခန်းအတွင်း ထားလျှင် အသင့်တော်ဆုံးဖြစ်ပြီး၊ နေ့စဉ်စားသုံးမှု ပမာဏမှာ ၅၀၀ ဂရမ်ထက် မကျော်လွန်စေပဲ ဖြေးဖြေးခြင်း စားသုံးရန်ဖြစ်သည်။

မင်္ဂလာမဂ္ဂဇင်း (၈/၂၀၀၇) မှ ကူးယူပါသည်။

No comments: