Monday, February 9, 2015

ပညာတတ်တွေများလာပြီး ပညာနဲ့ ထိုက်တန်တဲ့သူတွေဖြစ်နိုင်ပါစေဗျာ.........

ကျောင်းသားတွေ ဆန္ဒပြနေကြတာကိုတွေ့တော့ ၈၈၈၈ အရေးအခင်းကို ပြန်သတိရတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုယ်ကိုတောင် အသက်တွေ ကြီးလာတာ အခုမှ သတိထားမိတယ်။ ၈၈၈၈ အရေးအခင်းကာလက ၈ တန်းကျောင်းသား၊ အခုတော့ ကျောင်းနဲ့ဝေးတာ နှစ်အ ၂၀ တောင် မကတော့ဘူး။ ဒီနှစ်ဆို အသက် ၄၂ နှစ်ပြည့်တော့မယ်။



 ၁၉၈၇ ခုနှစ် ငွေစက္ကူသိမ်းလို့ ဆန္ဒတွေပြကြတယ်။ အဲဒီအချိန်မှာ ၇ တန်းတက်နေတာ။ ကျောင်းတွေက အကြာကြီးပိတ်။ အဲဒီအချိန်မှာ ဓာတ်ပုံပညာကို စပြီးသင်ဖြစ်တယ်။ ၈၈၈၈ အရေးအခင်းဖြစ်တော့ ကင်မရာတစ်လုံးက သပိတ်မှောက်စစ်ကြောင်းတွေကို ဓာတ်ပုံလိုက်ရိုက်ဖြစ်တယ်။ ကိုယ့်တက်နေတဲ့ အထက ၁၅ ကလည်း စစ်ကြောင်းထွက်တော့ ၀င်ပါဖြစ်သေးတယ်။ အဲဒီအချိန်မှာ သပိတ်စစ်ကြောင်းတွေ ဓာတ်ပုံရိုက်ဖို့ ခွင့်မပြုတာများတယ်။ ကိုယ်ကလည်း ငယ်သေးတော့ အဲဒါတွေ နားမလည်ဘူး။ ဓာတ်ပုံရိုက်တတ်ကာစဆိုတော့ တွေ့ကရာရှောက်ရိုက်ချင်တာပဲသိတယ်။ နောင်တစ်ချိန်မှာ သမိုင်းဖြစ်လာမယ် ဆိုတာကို မသိခဲ့ဘူး။

စစ်တပ်က အာဏာသိမ်းတော့ ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေကို လိုက်ရှာတာတွေလုပ်တယ်။ သပိတ်မှောက်သူတွေကို လိုက်ဖမ်းတာတွေလုပ်တယ်။ အဓိကကတော့ ဓာတ်ပုံတွေမှာ ပါတဲ့သူတွေကို ညသန်းခေါင်ချိန်မှာ အိမ်တွေမှာ လိုက်ဖမ်းတာပေါ့။ အဲဒီအချိန်မှာ ကိုယ့်ဆီမှာ ရှိနေတဲ့ ၈၈၈၈ စာစောင်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေကို ဟိုနားတစ်စ၊ ဒီနားတစ်စနဲ့ လိုက်ဝှက်ရတယ်။ အချိန်တစ်ခုရောက်လာတော့ အဲဒါတွေ ပြန်ရှာတာပေါ့။ အ၀ှက်လွန်ပြီး ခြစားတာတွေဖြစ်တာကဖြစ် မြေကြီးထဲမြုပ်ထားတာ ဘယ်နားမြုပ်မိမှန်းမသိနဲ့။ မှတ်တမ်းတွေ မရှိသလောက်ပဲ။ ကိုယ်နေတာကလည်း ဘုန်းကြီးကျောင်းနားဆိုတော့ အဖမ်းခံထိမှာ ကြောက်ပြီး သိမ်းမိသိမ်းရာသိမ်းတော့ ပြန်ရှာမတွေ့တော့ဘူး။ အခုတော့ နှမြောတာကလွဲပြီး ဘာမှမကျန်တော့တာပဲ သိတော့တယ်။

စစ်တပ်အာဏာသိမ်းပြီး ကျောင်းတွေကလည်း ပိတ်လိုက်ဖွင့်လိုက်နဲ့ နေလာခဲ့ရတော့ လူကလည်း ပျင်းတာလိုလို စာတွေကလည်း တတ်တာလိုလိုနဲ့ ဘာမှ သုံးစားလို့မရဖြစ်နေတာကို ကိုယ့်ကိုကိုယ် သတိမထားမိဘူး။ ဘွဲ့တာရခဲ့တာ ခြောက်လတစ်တန်းနဲ့ ပြီးခဲ့တာပါ။

 အဲဒီအချိန်မှာ သူငယ်ချင်းတစ်ချို့က ကျောင်းထွက်ပြီး စီးပွားရေးလုပ်ငန်းထဲရောက်သူက ရောက်တယ်။ သပိတ်မှောက်တဲ့အထဲမှာပါလို့ ဟိုပြေးပုန်း ဒီပြေးပုန်းနဲ့ နေခဲ့ရသူတွေလည်း ရှိတယ်။ အဖမ်းခံထိသူတွေလည်း ပါတယ်။ အချိန်အတော်ကြာလို့ ပြန်တွေ့တော့ တစ်ချို့က သူဌေးတွေဖြစ်လို့။ တစ်ချို့ကိုတော့ မတွေ့တော့ပါဘူး။ အခုပြန်တွေးမိတော့လည်း သိပ်မမှတ်မိတာတွေလည်း ပါတယ်။

သူဌေးဖြစ်သွားတဲ့ သူငယ်ချင်းတွေတွေ့တော့ ကျောင်းမနေလည်း ပညာမတတ်လည်း ဘ၀မှာနေပျော်တာပဲလို့တွေးမိတယ်။ အဲဒီလိုမျိုး တွေးမိသူ တော်တော်များများကိုလည်း တွေ့ရတယ်။ ပညာရေးက ဘ၀မှာ သိပ်မလိုဘူးလို့ တွေးမိကြတယ်။ ၄ တန်းအောင်ရင်ကို အရာရှိတွေ ဖြစ်နိုင်တဲ့ ခေတ်ကြီးကို။

အနောက်ပိုင်းမှာတော့  တဖြည်းဖြည်းနဲ့ ၁၀ တန်းအောင်ဖို့ လိုတယ်ဆိုတာမျိုးဖြစ်လာတယ်။ ၁၀ တန်းအောင်ရင် ဆရာပဲလုပ်လုပ် အရာရှိအဆင့်လောက် အလုပ်ကိုလျှောက်လျှောက် လျှောက်လို့ရကြတာကို။ နောက်ပိုင်းမှာတော့ ဘွဲ့ရဖြစ်မှဆိုတာဖြစ်လာတယ်။ ဘွဲ့ရရင် ဘာအလုပ်ရနိုင်မလဲဆိုတော့ လစာအသင့်အတင့်ရှိတဲ့အလုပ်မျိုးရမယ်ပေါ့။ အခုတော့ ဘွဲ့ရ အလုပ်လက်မဲ့တွေများလာတယ်။ PhD ရရင်တောင် ကျောင်းမှာ ဆရာလုပ်တာကလွဲပြီး အပြင်မှာ ထိုက်တန်တဲ့အလုပ်ရဖို့မလွဲတော့ဘူး။ ပညာရေးနဲ့ လူတောတိုးဖို့၊ ထိုက်တန်တဲ့နေရာရဖို့ ဝေးလာခဲ့တယ်။

ဘာပဲဖြစ်ဖြစ်ဗျာ .....
ဆန္ဒပြတဲ့ကျောင်းသားတွေ ဆက်လုပ်ဗျာ ....
ရည်မှန်းချက်ပန်းတိုင် အောင်မြင်ပါစေဗျာ ....
ပညာတတ်တွေများလာပြီး ပညာနဲ့ ထိုက်တန်တဲ့သူတွေဖြစ်နိုင်ပါစေဗျာ.........

No comments: