Monday, January 26, 2015

မြန်မာနိုင်ငံငါးလုပ်ငန်းဆိုင်ပြပွဲ၊ ပြိုင်ပွဲတွင် ပြိုင်ပွဲ ၈ မျိုးပါဝင်



အမရပူရမြို့နယ် နတ်ရေကန် ငါးလုပ်ငန်းစခန်းတွင်  ကျင်းပသော မြန်မာနိုင်ငံငါးလုပ်ငန်းဆိုင်ပြပွဲ၊ ပြိုင်ပွဲတွင် ပြိုင်ပွဲ ၈ မျိုးပါဝင်ကြောင်းသိရသည်။ 


အဆိုပါပြပွဲပြိုင်ပွဲအား မွေးမြူရေး၊  ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး  ၀န်ကြီးဌာနမှ ကျင်းပခြင်းဖြစ်ပြီး ဇန်န၀ါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပသည်။ ပြပွဲတွင် ပြခန်းပေါင်း ၂၀ ကပါဝင်ပြသကြပြီး မိရိုးဖလာတန်ဖိုးမြှင့် ရေထွက်ပစ္စည်း ထုတ်လုပ်မှုပြိုင်ပွဲ၊ မိရိုးဖလာ ငါးဖမ်းကိရိယာ တီထွင်ထုတ်လုပ်မှုပြိုင်ပွဲ၊ ရှားပါးငါးမျိုးစိတ် (အရှင်) ဖော်ထုတ်ပြသမှုပြိုင်ပွဲ၊ တိုင်းရင်းငါး(အရှင်) ပြိုင်ပွဲ၊ အလှမွေးငါး (အရှင်) ပြိုင်ပွဲနှင့် ငါးတိုက်ပြိုင်ပွဲ၊ ငါး/ပုဇွန် အစာထုတ်လုပ်မှုပြိုင်ပွဲ၊ တန်ဖိုးမြှင့်ရေထွက် ပစ္စည်းထုတ်လုပ်မှုပြိုင်ပွဲ၊ တန်ဖိုးနည်း ငါးသားဖောက်စခန်း ထုတ်လုပ်ရေးပုံစံ (Backyard Hatchery) ဒီဇိုင်းပြိုင်ပွဲ အစရှိသည့် ပြိုင်ပွဲ ၈ မျိုး ကျင်းပသည်။ ငါးဝါသနာရှင်များက ပါဝင်ယှဉ်ပြိုင်ကြပြီး  လာရောက်ကြည့်ရှုသူများကလည်း စိတ်ဝင်တစားဖြင့် အားပေးကြသည်။

မြန်မာနိုင်ငံအတွင်းရှိ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက် ဆောင်ရွက်ချက်များကို အများပြည်သူသိရှိနိုင်စေရန် ရည်ရွယ်ကာပြသသော အဆိုပါပြပွဲတွင် မြန်မာ့ရှားပါး ငါးမျိုးစိတ်များ ဖော်ထုတ်ရရှိလာစေရန်နှင့် မြန်မာ့တိုင်းရင်းငါးမျိုးများအားထိန်းသိမ်းခြင်း၊တိုးတက်ထုတ်လုပ် ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ သဘာဝရေသံယံဇာတများအားထိန်းသိမ်းမြတ်နိုးလာစေရန် အတွက် ပညာပေးအစီအစဉ်များကိုလည်းပြုလုပ်ကြောင်းသိရသည်။

No comments: