Wednesday, May 7, 2014

မန္တလေးမြို့တော်၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေးစီမံချက်အတွက် ကျွမ်းကျင်မှု အကူအညီပေးသည့် လုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ


အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် မန္တလေးမြို့တော်၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေးစီမံချက်အတွက် ကျွမ်းကျင်မှု အကူအညီပေးသည့် လုပ်ငန်းဆိုင်ရာ ကနဦးအစည်းအဝေးကို မေလ ၇ ရက်နေ့ နံနက် ၉ နာရီက စတင်ကျင်းပ သည်။ အခမ်းအနားတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးအောင်မောင်း တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားသည်။

“မန္တလေးမြို့၏ မြို့ပြ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ဖြစ်ပေါ်ရေး စီမံကိန်းဆောင်ရွက်ရန် ADB မှ ချေးငွေပေးမည့် အစီအစဉ်ရှိရာ အဆိုပါစီမံကိန်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ပေးသည့် ကျွမ်းကျင်မှု အကူအညီကို ADB မှ US$ ၂ သန်းခန့်ကုန်ကျခံပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မတ်လ ၁၁ ရက်နေ့က လုပ်ငန်း စတင်လှုပ်ရှားမှုအစည်းအဝေး ပြုလုပ်ခဲ့ပြီး ADB မှ International နှင့် National Consultants များမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့ကြပါတယ်။ ကနဦးတွေ့ရှိချက်များကို Inception Report အဖြစ် တင်ပြရမှာဖြစ်ပါတယ်။  မိမိတို့မှလည်း လိုအပ်သည့် အချက်အလက်များကို ပံပိုးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ပေးလျက်ရှိပါတယ်။ Inception Report မတင်ပြမီ လူကြီးမင်းများကို ယခုလိုအစည်းအဝေးခေါ်ယူပြီး ADB အကြံပေးအဖွဲ့များရဲ မတ်လဆန်းက ဧပြီလကုန် အထိ ၂ လတာကာလအတွင်း တွေ့ရှိချက်များကို  ဒီအစည်းအဝေးမှာ ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်” ဟု မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက ပြောကြားသည်။

မန္တလေးမြို့ ဖွံ့ဖြိုးရေးအတွက် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD)နှင့် ပြင်သစ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာနတို့မှ ကူညီမည့်အစီအစဉ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့မှလည်း ADB နှင့် ၀ိုင်းဝန်းပူးပေါင်းကာ ဆောင်ရွက်ကြမည်ဖြစ်ပြီး Afd (ပြင်သစ်)၊ SAFEGE (ပြင်သစ်)၊ Viten (နယ်သာလန်) တို့ကလည်း ကူညီထောက်ပံ့သည်။

လုပ်ငန်းတိုးတက်ဆောင်ရွက်မှုအခြေအနေများကို အာရှဖွံ့ဖြိုးရေးဘဏ်မှ ပညာရှင်များနှင့် ၂ ပတ် ၁ ကြိမ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မန္တလေးမြို့အား အစိမ်းရောင်မြို့တော်အဖြစ် တည်ဆောက်ရာတွင် လိုအပ်မည့် အခြေခံအဆောက်အအုံများဖြစ်သည့် ရေပေးရေး၊ အမှိုက်သိမ်းဆည်းရေး၊ ရေဆိုးထိန်းသိမ်းရေး နှင့် သန့်စင်ရေးလုပ်ငန်း၊ မြို့ပြစီမံကိတ်းရေးဆွဲရေးလုပ်ငန်းများကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ကဏ္ဍအလိုက် ထိရောက်စွာဆောင်ရွက်လျက်ရှိသည်။



No comments: