Tuesday, May 13, 2014

ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ


ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

မိခင်ဧရာဝတီမြစ်ကို အခြေခံပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးတည်သော ဆောင်းပါးများကို ရေးသား၍ ပြိုင်ပွဲဝင်ကြရသည့် ဧရာဝတီစာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မန္တလေးမြို့ Oriental House ခန်းမ တွင် မေလ ၁၀ ရက်နေ့ နံနက်ပိုင်းကကျင်းပသည်။ အခမ်းအနားတွင် ရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ် ဆရာ သိုက်ထွန်းသက်က အဖွင့်အမှာစကားပြောကြားပြီး အကဲဖြတ်များကိုယ်စား ဆရာဆူးဌက်က ရွေးချယ်ရေး နှင့်ပတ်သက်သည်များကို ပြောကြားသည်။ 

ဧရာဝတီစာပေပြိုင်ပွဲအတွက် အနယ်နယ်အရပ်ရပ်က ရောက်ရှိ လာသော စာမူများအနက်မှ ပြိုင်ပွဲစည်းကမ်းနှင့်ညီညွတ်သော စာမူများအား စာရေးဆရာများဖြစ်ကြသည့် ဆရာညီပုလေး၊ ဆရာကျော်ရင်မြင့်၊ ဆရာဆူးဌက်၊ ဆရာသင့်နော်နှင့် ဆရာရွှေဥာဏ်ဇော်တို့က စိစစ်လေ့လာ ဖတ်ရှုရွေးချယ်ပေးကြသည်။ အဆင့်ဆင့်ရွေးချယ်မှုအပြီးတွင် ပထမဆုကို ရာဇ၀င်ထဲက သတို့သမီးတဲ့လား ခေါင်းစဉ်ဖြင့်ရေးသားသည့် ရန်ကုန်မြို့ လှိုင်မြို့နယ်မှ ကိုရဲမျိုးထက် (ကလောင်အမည် နေကောင်းကင်နီ)၊ ဒုတိယဆုကို မလွမ်းရော့သော်ကော ဧရာဝတီ ခေါင်းစဉ်ဖြင့်ရေးသားသည့် ပြင်ဦးလွင်မြို့မှ ဦးအုန်းကျော် (ကလောင်အမည် ကိုရင်ကြာရိုး)၊ တတိယဆုကို မြန်မာ့ဧရာဝတီ ခေါင်းစဉ်ဖြင့် ရေးသားသည့် မန္တလေးမြို့မှ ကလောင်အမည်-ကျော်စိုးအောင်(မန္တလေး)တို့က ဆုအသီးသီးရရှိကြပြီး နှစ်သိမ့်ဆုများကို ဟိန်းသန့် (အင်းဝ)၊ ရွှေမန်းလွင်စိုး၊ ကမ္ဘာကျော် (မန္တလေး)၊ လျှမ်း (မန်းတက္ကသိုလ်)၊ ရည်ရည်မွန် (မန္တလေး)တို့က အသီးသီး ရရှိကြသည်။ 

အဆိုပါဆုပေးပွဲအခမ်းအနားသို့ ပထမဆုရရှိသူ ကိုရဲမျိုးထက် (ကလောင်အမည် နေကောင်းကင်နီ)သည် မသန်စွမ်းသူတစ်ဦးဖြစ်ပြီး ဆုပေးပွဲနောက်တစ်ရက်တွင် မင်္ဂလာဆောင်ရန်ရှိသဖြင့် ဆုတက်ရောက်ယူနိုင်ခြင်းမရှိကြောင်းသိရသည်။ ဧရာဝတီ စာပေပြိုင်ပွဲအား ရွှေမန္တလေးဂျာနယ်က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ကာ မန္တလေးမြို့ကိုသံယောဇဉ်ရှိသူ၊ ဧရာဝတီကို ချစ်မြတ်နိုးသူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်နေသူ အမည်မဖော်လိုသူ စေတနာရှင်တစ်ဦးက ကူညီပံ့ပိုးခဲ့ကြောင်းသိရသည်။




No comments: