Wednesday, March 16, 2016

နိုင်ငံတော် သမ္မတအဖြစ် ဦးထင်ကျော်အား ရွေးချယ်တင်ေမြှာက်

နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တင်မြှောက်သော ဒုတိယသမ္မတများဖြစ်ကြသည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်မှ တင်မြှောက်သော ဒုတိယ သမ္မတ ဦးမြင့်ဆွေတို့ သုံးဦးအနက် တစ်ဦးကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လျို့ဝှက် ဆန္ဒမဲပေးခြင်းဖြင့် မဲခွဲရွေးချယ်ခဲ့ရာ ဦးထင်ကျော်က ထောက်ခံဆန္ဒမဲ ၃၆၀ မဲ၊ ဦးမြင့်ဆွေက ထောက်ခံဆန္ဒမဲ ၂၁၃ မဲ၊ ဦးဟင်နရီဗန်ထီးယူက ထောက်ခံဆန္ဒမဲ ၇၉ မဲရရှိခဲ့ကြသည်။

ထို့ကြောင့် ထောက်ခံမဲ အများဆုံးရရှိသူ ဦးထင်ကျော်သည် နိုင်ငံတော် သမ္မတဖြစ်၍ ဦးမြင့်ဆွေသည် ဒုတိယသမ္မတ-၁ နှင့် ဦးဟင်နရီဗန်ထီးယူသည် ဒုတိယ သမ္မတ-၂ တို့ဖြစ်လာကြသည်။

ယခုရွေးချယ်တင်မြှောက်ခံရသည့် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် နိုင်ငံတော် သမ္မတတာဝန်နှင့် ဒုတိယသမ္မတတာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြမည်။
နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရသော ဦးထင်ကျော်သည် ၎င်း၏ အစိုးရအဖွဲ့တွင် ပါဝင်မည့် ဝန်ကြီးများစာရင်းကို မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုကိုတင်ပြကာ လွှတ်တော်၏ အတည်ပြုချက်ကိုရယူရမည်ဖြစ်သည်။

No comments: