Monday, August 9, 2010

မန္တလေးက တီထွင်ထုတ်လုပ်လိုက်တဲ့ စံမြန်မာ ကွန်ပျူတာမြန်မာစာစနစ်

ကွန်ပျူတာမှာ မြန်မာစာကို စံနစ်တကျနဲ့ အလွယ်တကူရိုက်နိုင်ဖို့
ကြိုးပမ်းနေကြသူတွေထဲမှာ မန္တလေးက စံမြန်မာ မြန်မာကွန်ပျူတာစံနစ်ကလည်း
တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ စံမြန်မာ ကွန်ပျူတာမြန်မာစာစနစ်ကို ၇
နှစ်ကြာအချိန်ယူပြီး တီထွင်ကြံဆထားတာဖြစ်ပြီး မကြာခင် ဈေးကွက်မှာ
မန္တလေးကိုဗဟိုပြုပြီး ဖြန့်ချိနိုင်တော့မှာဖြစ်တယ်လို့ စံမြန်မာကို
တီထွင်ဖန်တီးခဲ့သူ ကိုအီးမင်းက ပြောပါတယ်။ စံမြန်မာက ယူနီကုတ်
စနစ်မဟုတ်ပဲ ကွန်ပျူတာမှာ မြန်မာစာကို လွယ်လွယ်ကူကူ ရိုက်နိုင်
အောင်တီထွင်ထားကာ ယူနီကုတ် ၅.၂ မှာ အဆင်မပြေတာတွေကို Character Map မှာ
အသုံးချပြီး တီထွင် ထားကာ မြန်မာ့သတ်ပုံကျမ်းနည်းဥပဒေနဲ့အညီ
တည်ဆောက်ရေးဆွဲ ထားတဲ့ Platform စနစ်တစ်ခုသာ ဖြစ်တယ်လို့ဆိုပါတယ်။
စံမြန်မာကို စာစီစာရိုက်အနေနဲ့ အသုံးပြုနိုင်သလို
ထည့်သွင်းလိုက်တဲ့အချက်အလက်ကို ရှာဖွေခြင်း (Searching)၊ ဗျည်းသရစီခြင်း
(Sorting)၊ ရှာဖွေအစားထိုး ခြင်း (Find and Replace)၊ တွက်ချက် ခြင်း
အစရှိတဲ့ လုပ်ဆောင်ချက်တွေကို မြန်မာ့သတ်ပုံကျမ်းနည်းဥပဒေနဲ့အညီ
ဆောင်ရွက် နိုင်စေမှာဖြစ်ပါတယ်။ စံမြန်မာစနစ် က ရှိရှိသမျှ
မြန်မာစာလုံးတွေကို ပြီးပြည့်စုံတဲ့ စာလုံးတစ်လုံးချင်းစီတည်ဆောက်ပြီး
တိကျတဲ့ မှတ်ပုံတင်နံပတ် (Register Number) နဲ့ ရေးဆွဲသတ်မှတ်ထားပါတယ်။
စံမြန်မာ ၂.၀ မှာ အတိုကောက် ဝေါဟာရ ၃၀၀၀၀ ထိ ပါဝင်ပါတယ်။
မြန်မာစကားပုံများကိုလည်း အတိုကောက်ရိုက်စနစ်နဲ့ ရှာဖွေနိုင်ပြီး
မြို့နာမည်၊ နိုင်ငံနာမည်များကို လည်း အလွယ်တကူရှာဖွေရိုက်နိုင်မှာပါ။
ကီးဘုတ်ရဲ့ ခလုတ်တစ်ခုခြင်းစီမှာ အသုံးကျတဲ့ဝေါဟာရတွေနဲ့ ဆက်
စပ်ထားတာကြောင့် အတိုကောက်စနစ်နဲ့ မြန်မြန်ဆန်ဆန် ရိုက်နိုင်မှာ ဖြစ်တယ်။
စံမြန်မာ version 1.8 ဟာ အခမဲ့အသုံပြုနိုင်တဲ့ Free Version ဖြစ်ကာ
version 2.0 ကတော့ ၀ယ်ယူ အသုံးပြုရမယ့် Register Version ဖြစ်ပါတယ်။
စံမြန်မာ version 1.7 ကိုတော့ www.sanmyanmar.com မှာ
အခမဲ့ဒေါင်းလုပ်လုပ်ကာ လွတ်လပ်စွာအသုံးပြုနိုင်မှာဖြစ်ပြီး
advicesmm@gmail.com ကိုဆက်သွယ်ကာ စံမြန်မာနဲ့ပတ်သက်ပြီး
မေးမြန်းအကြံပြုနိုင်တယ်လို့သိရပါတယ်။

No comments: