Wednesday, May 28, 2008

လူရွှင်တော်များကလည်း နာဂစ်အတွက် အလှူခံထွက်ဦးမယ်

မန္တလေးက လူရွှင်တော်များကလည်း နာဂစ်အတွက် အလှူခံထွက်ဦးမယ် ...
မိမိတို့တတ်နိုင်တာလေးနဲ့ မြို့ခံပြည်သူတွေထည့်ဝင်ငွေနဲ့
ပစ္စည်းတွေပေါင်းပြီး လေဘေးသင့်ခံ ပြည်သူများကို
သွားရောက်ကူညီပေးဖို့အတွက် အလှူခံထွက်တာဖြစ်ပါတယ် ....

ဇာတ်မင်းသားများ နာဂစ်အတွက် အလှူခံထွက်

မန္တလေးသဘင်အစည်းအရုံးမှ လေဘေးသင့်ပြည်သူများအတွက် မျှဝေခံစားကူညီရန်အတွက်
မန္တလေးအချစ်တော် မင်းသားလေးများဖြင့် ဖွဲ့စည်းထားသော
မြန်မာ့သဘင်အလှဆင်သူအဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့ လေးပြင် လေးရပ်သို့
ဖျော်ဖြေရေးကားများဖြင့် လှည့်လည် ဖျော်ဖြေကာ အလှူခံကြမည်ဖြစ်ကြောင်း
ဇာတ်မင်းသားလေး လှိုင်ဘွားအောင်မှ ပြောကြားပါတယ်။ ဦးရွှေနန်းတင်၊
ကိုဝင်းနောင်နဲ့ လှိုင်ဘွားအောင်တို့က စတင်လှုံဆော်ခဲ့တာဖြစ်ပြီး
လေဘေးသင့်သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူများကို ငွေ၊ သင်္ကန်း၊
ပစ္စည်း၊ အ၀တ်အထည်၊ ဆန်အစရှိသည် များကို
ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် မေလ(၂၆)ရက်နေ့မှာ မဟာမုနိဘုရားကြီးမှ
မြို့သစ်၊ မေလ(၂၇)ရက်နေ့မှာ ဘုရားကြီးတောင်ဖက်မှ တမ္ပ၀တီ၊
မေလ(၂၈)ရက်နေ့မှာ ၈၄လမ်း၊ ၃၅ လမ်းမှ စိန်းပန်းလမ်း၊ မေလ(၂၉)ရက်နေ့မှာ
ဈေးချိုနှင့်မြောက်ပြင်၊ မေလ(၃၀)ရက်နေ့မှာ ဘူတာကြီး အရှေ့ဖက်ခြမ်းမှ
နန်းရှေ့သို့ ညနေ ၃ နာရီမှ ည ၉ နာရီထိ လှည့်လည်ကာ အနုပညာချစ်သူပြည်သူ
အပေါင်းထံသို့ အလှူခံထွက်ကြမှာဖြစ်ပါတယ်။ ဧည့်ခံ ဖျော်ဖြေပေးမယ့်
တေးဂီတအဖွဲ့များကတော့ အရှေ့တိုင်းရွှေမင်းသားများ၊ ၀င်းနောင်နဲ့
လှိုင်ဘွားအောင် ဇာတ်အဖွဲ့ များမှ တေးဂီတဖန်တီးသူများက
ပူးပေါင်းတင်ဆက်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။ အော်ဂင်-ကျော်သူမြင့်ရဲ့
ကသောလက်များဖြင့်ကူညီမည်၊ ကိုဝင်းနောင်၊ ဦးဘုန်းကျော်
နှင့်ဂီတစာဆိုများရေးစပ်တဲ့ သူစိမ်းတွေလိုမနေပါနဲ့၊ မဲနော
(ရွှေမင်းသားလေးများဇာတ်ပွဲ)ရေးစပ်တဲ့ ဒုက္ခငြိမ်းစေ မေတ္တာဝေ ဆိုတဲ့
သီချင်းသစ်များဖြင့် ခံစားသီဆိုကြရင်း
မန္တလေးမြို့တစ်ခွင်လှည့်လည်အလှူခံကြပါတယ်။

မြန်မာပြည်အထက်ပိုင်းက စာပေမိသားစု နာဂစ်အတွက် အလှူခံပြီ

မြန်မာပြည်အထက်ပိုင်း စာပေအနုပညာမိသားစုမှ မေလ ၂-၃ ရက်နေ့က
တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် အတိဒုက္ခရောက်နေရသော
ပြည်သူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ရိုင်းပင်းကူညီပေးရန်
တတ်အားသ၍ လှူဒါန်းသွားနိုင်ရေးအတွက် အလှူငွေများကို မေလ ၂၅ ရက်နေ့မှ
စတင်ပြီး ကောက်ခံလျက်ရှိပါတယ်။ ရုပ်ဝတ္တုအရ ပမာဏမများတဲ့တိုင် စိတ်ဓာတ်အရ
တစ်သားတည်း ရပ်တည်၊ နားလည် စာနာ ဖေးမမှုကို ဖော်ပြနိုင်ဖို့ ရည်ရွယ်ကာ
ဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးနဲ့ အထက်မြန်မာပြည် အခြေစိုက်
ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာရှင်များ၊ စာပေမိတ်ဆွေ၊
စေတနာရှင်များ၊ စာအုပ်ဆိုင်များ အနေနဲ့ ဇွန်လ ၇ ရက်နေ့နောက်ဆုံးထားကာ
နီးစပ်ရာ စာပေအနုပညာရှင်များထံ ငွေကြေး၊ အစားအသောက်၊ အ၀တ်အထည်၊ စောင်၊
မိုးကာ၊ အိုးခွက်ပန်းကန်စသဖြင့် တစ်တပ်တစ်အား ပါဝင် ကူညီနိုင်ပြီး
အလှူငွေနဲ့ ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံအရောက်
ပေးပို့ဖြန့်ဝေ ကူညီပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Sunday, May 25, 2008

ဆိုင်ဂလုံးနာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတာ .....

ဆိုင်ဂလုံးနာဂစ်ကြောင့် ဒုက္ခရောက်နေတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေတာ .....
သေတဲ့သူ၊ ဒဏ်ရာရတဲ့သူ၊ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေ တော်တော်ကိုများတယ် ....
ဘ၀ပျက်ကုန်ကြတယ် ......
ကိုယ်တစ်ယောက်တည်းနဲ့ ဘာမှ မတတ်နိုင်ဘူး ....
အားလုံးဝိုင်းဝန်းကြမှဖြစ်မယ် ......

Wednesday, May 7, 2008

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက် လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များ၏ နာဂစ်မုန်တိုင်းဒဏ်ခံစားရသူများအတွက်

လှူဒါန်းမှုအစီအစဉ်များ

စိတ္တသုခပရဟိတလူငယ်များအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားရသည့်ဒေသများသို့

လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မုန်တိုင်းဒဏ်ခံစားရသော ဒေသများမှာ များစွာကျယ်ဝန်းလှသည့်အတွက်

မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းမှုပြုနိုင်ရေးကိုသာ ရည်ရွယ်စီစဉ်လျက်ရှိပါသည်။

 

ပထမဦးစွာ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့သို့ လှူဒါန်းနိုင်ရေး စီစဉ်လျက်ရှိပါသည်။

မော်လမြိုင်ကျွန်းမြို့ရှိ အများနှင့်သက်ဆိုင်သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရေး

လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

အများနှင့်ဆိုင်သော (ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဘုန်းတော်ကြီးကျောင်း)နေရာများကို

ကိုယ်တိုင်သွားရောက်ကြည့်ရှုကာ ပြန်လည် တည်ဆောက်နိုင်ရေး အလှူငွေပေးအပ်ခြင်း၊ ဆောက်လုပ်ရန်

စီစဉ်ပေးခြင်း၊ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

 

ရရှိသည့်အလှူငွေ ပမာဏပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ရေးဆောင်ရွက်မည်ဖြစ်ပါသည်။

မုန်တိုင်းဒဏ်ခံစားရသည့်သူများအား တိုက်ရိုက် လှူဒါန်းမှု ပြုလုပ်ရန် အစီအစဉ်ရှိသော်လည်း

မေလ တတိယပတ်လောက် အစောဆုံး သွားရောက်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့်

ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်ပါကြောင်း . . . .