Friday, March 24, 2023

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးရှည်

ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးရှည်

ဟိုးရှေးကတည်းက လူတွေ သတိထားမိတဲ့ ပဟေဠိတစ်ခုကို ၂၀၁၄ ခုနှစ်ကျမှ အဖြေသိလာခဲ့ပါတယ်။ ကြိုးကြာတွေ၊ ငန်းရိုင်းတွေ၊ ဝံပိုငှက်တွေ၊ တောဘဲတွေစတဲ့ ငှက်ကြီးမျိုးတွေ ခရီးမိုင်ရှည် ပျံတဲ့အခါ မြားဦးပုံစံဖွဲ့ပြီး ပျံကြတာ မြင်ပေမယ့် ဘာကြောင့်လဲ၊ ဘာအတွက်လဲ တိတိကျကျ မသိခဲ့ကြဘူး။

စွမ်းအင် သက်သာမယ်လို့ မှန်းဆချက် ရှိပြီး ပန်ကာဒလက် လေယာဉ်တွေ အဲဒီလို မြားဦးပုံသဏ္ဌာန် အုပ်ဖွဲ့ ပျံသန်းတဲ့အခါ လောင်စာ ၃၀ ရာခိုင်နှုန်းအထိ သက်သာတာ တွေ့ရပါတယ်။ ဒါပေမယ့်၊ ငှက်တွေကျတော့ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ သိပ္ပံနည်းကျ သက်သေမပြနိုင်ခဲ့ဘူး။
လန်ဒန်တက္ကသိုလ်က ဒေါက်တာ ဂျိမ်းစ် အပ်ရှာဝုဒ်နဲ့ အဖွဲ့ဟာ ခုခေတ်မှ ပေါ်လာတဲ့ GPS တည်နေရာပြ ကိရိယာ၊ အရှိန်တိုင်းကိရိယာ (accelerometer) တွေကို ဗျိုင်းငှက်တွေမှာ တပ်ဆင်ပြီး သုတေသနလုပ်တော့မှ တိကျတဲ့ အဖြေတွေ သိလာခဲ့ရပါတယ်။

ငှက်တွေ အတောင်ပံခတ်တဲ့အခါ ဘယ်ညာ တောင်ပံဖျားက ခရုပတ် လေပွေလှိုင်း (vortex) ဖြစ်ပေါ်လာတယ်။ တောင်ပံတိုတဲ့ ငှက်ကလေးတွေမှာ မသိသာပေမယ့် တောင်ပံအလျားရှည်တဲ့ ငှက်ကြီးများမှာတော့ အဲဒီလေပွေလှိုင်းကြောင့် သူ့နောက်က ပျံတဲ့ ငှက်မှာ အင်အားသိပ်မစိုက်ရဘဲ သက်သာတယ်။ လေသာခိုလို့ ရတယ်ပေါ့။

ဒါပေမယ့်၊ ခရုပတ်လို လေပွေလှိုင်းဆိုတော့ ပင့်အားရှိတဲ့ နေရာကို မယူတတ်ရင် အောက်ကိုဖိတဲ့ လေအားကြောင့် ပိုပင်ပန်းတယ်။ (ပုံကိုကြည့်ရင် ရှင်းသွားပါလိမ့်မယ်။) ဒါကြောင့်၊ ငှက်တွေဟာ ထိပ်ဆုံးက ပျံတဲ့ ခေါင်းဆောင်ငှက်ရဲ့ နောက်မှာ အကွာအဝေးနဲ့ အနေအထားကို မှန်မှန်ကန်ကန် နေတတ်ရတယ်။

ဒါ့အပြင်၊ ခေါင်းဆောင်ငှက်ရဲ့ တောင်ပံခတ်တဲ့ စည်းချက်နဲ့ကိုက်ညီအောင် လိုက်လျောညီထွေ ပုံမှန်ခတ်မှသာ လေထဲမှာ ကိုယ်ဖော့အား ရထားသလို ညက်ညက်ညောညော ပျံနိုင်ပါတယ်။ ကိုယ်ခတ်ချင်သလို ခတ်ရင် ကိုယ်ပင်ပန်းတဲ့အပြင် ကိုယ့်နောက်က ပျံရတဲ့ အကောင်တွေလည်း မသက်သာဘူး။ ဖရိုဖရဲ မောပန်းနွမ်းနယ်တာပေါ့။

အဲဒီတော့၊ အုပ်ဖွဲ့ပျံသန်းနေတဲ့အထဲက ငှက်တစ်ကောင်ဟာ အပြင်ကို ရောက်သွားတာနဲ့ အရမ်းပင်ပန်းတာ သိသိသာသာ ခံစားရပြီးတော့ အုပ်ထဲကို အနေအထားမှန်မှန် ပြန်ဝင်လာရတယ်။

ဒီလို မြားဦးသဏ္ဌာန် အုပ်ဖွဲ့ပျံတဲ့အခါ အပင်ပန်းဆုံး၊ အားအစိုက်ရဆုံးကတော့ ထိပ်ဆုံးက ခေါင်းဆောင်လုပ်သူပါပဲ။ အပင်ပန်းဆုံးနေရာမှာ တစ်ကောင်တည်း ကြာရှည်မပျံနိုင်တော့ ဒုတိယနဲ့ တတိယ ခေါင်းဆောင်တွေက အလဲအလှယ်နဲ့ နေရာယူပေးကြရတယ်။ တောင်ပံအလျားမမီသေးတဲ့ အကောင်ငယ်၊ အကောင်ပေါက်တွေကတော့ နောက်ဖျားက လိုက်ရတယ်။ စည်းချက်မှန်အောင် အချက်ပြအော်သံပေးရတဲ့ အကောင်တွေလည်း ကြားက ပါသေးတယ်။

ဒါကြောင့်မို့ ငှက်တွေဟာ တစ်ကောင်ချင်းဆိုရင် မိုင်ထောင်ချီတဲ့ သမုဒ္ဒရာကြီးကို ဖြတ်ကျော် ပျံသန်းဖို့ မလွယ်ကူပေမယ့် တာဝန်ကိုယ်စီနဲ့ အုပ်ဖွဲ့ပြီး စနစ်တကျ ပျံတဲ့အခါ လိုရာခရီးကို ဆိုက်ရောက်ကြောင်း ဒေါက်တာ အပ်ရှာဝုဒ်ရဲ့ သုတေသနမှာ တွေ့ရှိခဲ့ရပါတယ်။

မိုင်ထောင်ချီခရီးရှည်ကို နှစ်စဉ်နှစ်တိုင်း အသွားအပြန် နှစ်ခေါက် ပျံသန်းလေ့ရှိတဲ့ ငှက်တွေရဲ့ စနစ်ကျတဲ့ အမူအကျင့်ကို လေ့လာကြည့်လိုက်တော့ လူသားတွေအတွက်လည်း သင်ခန်းစာ ယူစရာ တွေ့ရပါတယ်။

ဦးတည်ချက်ကို တိတိကျကျ သိနားလည်တဲ့ ခေါင်းဆောင်ရဲ့ နောက်မှာ အနေအထားမှန်မှန်နဲ့ ညီညီညာညာ လိုက်တတ်မှ လိုရာခရီးကို ရောက်ပါလိမ့်မယ်။ ခေါင်းဆောင် ပြောသမျှ၊ လုပ်သမျှ ကန့်လန့်တိုက်နေကြရင် ကိုယ်လည်း ပင်ပန်းတယ်၊ ကိုယ့်နောက်က လူတွေလည်း လျှာထွက်မှာပဲ။ခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေမှာ စည်းချက်ညီညီ မလိုက်ဘဲ ကိုယ့်သဘောနဲ့ ထင်ရာစိုင်းကြမယ် ဆိုရင် အုပ်စုတစ်ခုလုံး သမုဒ္ဒရာထဲ ခေါင်းစိုက်ပြီး သေပွဲဝင်ရလိမ့်မယ်။

ညီညီညာညာ တောင်ပံခတ်နိုင်မှ လေဟုန်ကိုဆန်ပြီး အဝေးဆုံးကို ပျံနိုင်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)

No comments: