Wednesday, April 29, 2009

စိုင်းခမ်းလိတ်မွေးနေ့

ဒီနေ့ ( ဧပြီ ၂၇ ) စိုင်းခမ်းလိတ် အသက် ၆၀ ပြည့် မွေးနေ့ ....

မနေ့က ရှမ်းတိုင်းရင်းသားများသာရေးနာရေးအသင်းမှာမွေးနေ့ပွဲကျင်းပတယ် ...

ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း တက္ကသိုလ်များမန္တလေးကဦးဆောင်ကျင်းပတာဖြစ်တယ် ...

ညပိုင်းမှာ Live Show လုပ်ပြီး ဆရာရေးသားခဲ့တဲ့ ရှမ်း ၊ မြန်မာ သီချင်းတွေဆိုကြတယ် ...


မန္တလေးရောက် ရှမ်းတစ်ယောက် နှင့် တွေ့ဆုံခြင်း
ဝင်းငြိမ်း
ဧပြီ ၂၈၊ ၂၀၀၉
စိုင်းခမ်းလိတ် (ဓာတ်ပုံ - လင်းနိုင်ဦး)

[ မှတ်ချက် - ရွှေအမြုတေ မဂ္ဂဇင်းတွင် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လက ဖော်ပြခဲ့သော အင်တာဗျူးအဟောင်းကို ဤ သည် မရွေး ပြန်လည် ကူးယူ တင်ပြခြင်း ဖြစ်သည်။ ]


မန္တလေးမြို့မှာ အခြေစိုက် နေထိုင်တဲ့ တေးရေးဆရာ စိုင်းခမ်းလိတ် ရန်ကုန်မြို့ကို ရောက်ရှိနေတယ် လို့ သတင်းကြားရတဲ့အတွက် ဆရာ့သမီးဖြစ်သူ နန်းခမ်းနွဲ့လိတ်မှတစ်ဆင့် ချိန်းဆိုပြီး သရဖူမဂ္ဂဇင်းတိုက်မှာ ဆရာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံတဲ့နေ့က ဧပြီ ၃၀ ရက်နေ့ပါ။ အဲဒီနေ့ဟာ တိုက်တိုက်ဆိုင်ဆိုင် ဆရာ့အသက် ၅၉ နှစ်ထဲကို စတင် ၀င်ေ၇ာက်တဲ့နေ့လည်း ဖြစ်တယ် လို့ ဆိုပါတယ်။ ဆရာနဲ့ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက အင်တာဗျူး တစ်ကြိမ် ဆုံခဲ့ကြဖူးပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့နှစ်ယောက် ပြန်မတွေ့ဖြစ်ကြတော့ဘဲ ဧပြီ ၃၀ ရက်နေ့ကမှ ပြန်တွေ့ဖြစ်ကြတာပါ။ ၁၉၈၀ ပြည့်နှစ်များအတွင်းက ဆိုရင် ဆရာ့သီချင်းတွေဟာ လူငယ်များကြားမှာ ရေပန်းစားတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ ဆရာကိုယ်တိုင်လည်း ကျန်းမာရေး ချို့တဲ့လာတဲ့အပြင် ဂီတလောကကြိးကလည်း ချူချာလာတော့ ဆရာ့သီချင်းသစ်တွေကို ကျွန်တော်တို့ ခံစားခွင့် တော်တော် နည်းသွားခဲ့ပါပြီ။

ခေတ်ဟောင်းတုန်းက တေးရေးဆရာများဖြစ်တဲ့ ဆရာမြို့မငြိမ်း၊ နန်းတော်ရှေ့ ဆရာတင်တို့ရဲ့ သီချင်းများ ဆိုရင် သီချင်းနဲ့ တွဲပြီး တေးရေးဆရာများကို သိကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သီချင်းချစ်သူများက သီချင်းကိုသာ သိကြပြီး တေးရေးဆရာကိုတော့ မသိကြတော့ပါဘူး။ ဆရာစိုင်းခမ်းလိတ် ခေတ်မှာ သီချင်းတွေ နာမည်ကြီးတာနဲ့ အမျှ သီချင်းနဲ့တကွ တေးရေးသူကိုပါ တွဲပြီး သိခဲ့ကြပါတယ်။ ဆရာတို့ခေတ် ပြီးသွားပြန်တော့ ဒီနေ့ခေတ်မှာ လူငယ်များက သီချင်းများကိုသာ ခုံမင် တွယ်တာကြပြီး သီချင်းရေးသူကို မသိကြတော့ပြန်ပါဘူး။ ဆရာနဲ့ စကားပြောဖြစ်တဲ့ အချိန်မှာ -

" - - - ဒီနေ့ခေတ် စတီရီယို သီချင်းများ လို့ပဲ ပြောကြပါစို့။ ဂီတပုံစံမျိုးစုံ ရှိပါတယ်။ ရော့ခ်၊ ဟာ့ဒ်ရော့ခ်၊ ဟဲဗီးရော့ခ်၊ မက်တယ်လ်၊ ဟစ်ဟော့ပ်၊ ရက်ပ် စတဲ့ ပုံစံမျိုးစုံပေါ့။ ကလေးတွေက ဘယ်လို ဖြစ်နေသလဲ ဆိုတော့ ဘယ်အမျိုးအစား သီချင်း ပေါက်သလဲ။ အဲဒီ ပေါက်တဲ့ အမျိုးအစားနောက်ကို စုပြုံပြီး လိုက်နေကြတယ်။ တကယ်တော့ အဲဒီလို မဖြစ်သင့်ပါဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့ ဂီတပုံစံ တခုကိုပဲ စွဲစွဲမြဲမြဲ သွားသင့်တယ်။ ရေရှည် ဆက်လုပ်သွားတော့မှ ရော့ခ်ကြိုက်တဲ့သူကလည်း ရော့ခ်၊ ဟဲဗီးကြိုက်တဲ့သူကလည်း ဟဲဗီး၊ ဟစ်ဟော့ပ်ကြိုက်တဲ့သူကလည်း ဟစ်ဟော့ပ်၊ အဲဒီလိုပဲ သူ့အစုနဲ့သူ ကြိုက်ရာ ဂီတ အမျိုးအစားကို လက်ခံကြပြီး ဂီတလောကကြီး တစ်ခုလုံး ရှင်သန်လာလိမ့်မယ်လို့ ကျနော် ထင်တယ်။ ကလေးတွေ ကြိုးစားဖို့ အချိန် ပေးရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"

"ဆရာ ရှမ်းသီချင်းတွေတော့ ဆက် ရေးနေတုန်းပဲလား"
"သီချင်းကတော့ ကျွန်တော် ရေးနေတာပါပဲ။"

"၁၉၈၀ ခုနှစ်များတုန်းက ဆရာရေးခဲ့တဲ့ သီချင်းတွေရဲ့ ပုံစံနဲ့ ဒီနေ့ခေတ် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတွေရဲ့ ပုံစံ ခြားနားမှု ရှိနေပြီလား "
"ကျွန်တော်ကတော့ စိတ်ထဲမှာ ခံစားမှု ရှိတဲ့အတိုင်း သီချင်းကို ချရေးနေတာပဲ။ စိတ်ထဲမှာ ရှိတဲ့ ခံစားမှု ဆိုတာကလည်း အချိန်တိုင်း ပြောင်းလဲနေတာပါ"

"ဆရာ့အနေနဲ့ သီချင်းရေးတဲ့ အနုပညာလုပ်ငန်းအပြင် တခြား ဘယ်အနုပညာ လုပ်ငန်းကိုများ စိတ်ဝင်စားပါသေးသလဲ"
"တစ်နေ့ကဗျာ - - ကျွန်တော် နန်းအိအိဇာတို့ အိမ်မှာ ရောက်နေတယ်လို့ သတင်းကြားတော့ ဇာတ်ညွှန်းရေး ဆရာ မြင့်ဦးဦးမြင့် ရောက်လာတယ်။ သူနဲ့ ကျွန်တော် စကားပြောရင်း ခင်ဗျားဆီက ဇာတ်ညွှန်းရေးပညာ လေ့လာရဦးမယ် ပြောလိုက်တော့ သူက ဇာတ်ညွှန်းရေးထားတဲ့ စာအုပ်တွေ လာပေးတယ်။ နောက်တစ်နေ့ ကျတော့ ဒါရိုက်တာ မီးပွားကို ခေါ်လာတယ်။ ဦးမီးပွားက ကျွန်တော်သာ စိတ်ဝင်စားမယ် ဆိုရင် ရော့ခ် အော်ပရာ တစ်ပုဒ် အပ်ချင်တယ်လို့ ပြောတယ်ဗျ။ ရော့ခ် အော်ပရာ ဆိုတာကလည်း အရင်ကတည်းက ကျွန်တော် စိတ်ဝင်စားတဲ့ ကိစ္စတစ်ခုလေ။ သီချင်းတွေရဲ့ အခြေအနေကလည်း ခင်ဗျား သိတဲ့အတိုင်းပဲလေ" လို့ ပြောပြီး ဆရာက ရယ်နေပါတယ်။

"ဒီနေ့ ခေတ်ပေါ် သီချင်းတွေကို ဆရာ နားထောင်ဖြစ်ပါသလား"
"နားထောင်ဖြစ်ပါတယ်။ တချို့ သီချင်းလေးတွေက ကောင်းပါတယ်။ တချို့သီချင်းတွေကိုတော့ ကျွန်တော် ကိုယ်တိုင် နားမလည်တာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေကို ကြိုးစားခွင့် ပေးရပါလိမ့်မယ်။ ဒါကြောင့်လည်း တချို့လူငယ်တွေက ကျွန်တော်ရေးခဲ့တဲ့ သီခင်းတွေကို သူတို့ ပုံစံနဲ့ ပြန်ဆိုချင်ပါတယ် လို့ လာပြောတဲ့အခါ ကျွန်တော် ခွင့်ပြုပေးခဲ့တယ်။ ကျွန်တော်တို့ခေတ်ပုံစံနဲ့ သူတို့ခေတ်ပုံစံက မတူတော့ဘူးလေ။ ကျွန်တော်က ခွင့်မပြုခဲ့ဘူး ဆိုရင်လည်း သူတို့လုပ်ချင်တာ လုပ်လို့ မရဘူး ဖြစ်သွားမှာစိုးလို့ ခွင့်ပြုပေးရပါတယ်"

"ဒီနေ့ခေတ် သီချင်းတွေကို ဆရာ နားထောင်တယ် ဆိုတော့ လူငယ်တွေအပေါ်မှာ ဆရာ့အမြင် ပြောပြပေးပါဦး"
"တော်ကြပါတယ်။ အထူးသဖြင့် လျှပ်စစ်တူရိယာ ပစ္စည်းတွေကို သူ့နေရာနဲ့သူ သုံးကြတဲ့ နေရာမှာ အရမ်း တော်ကြတယ်။ အဲဒီ တော်တာကို ကျွန်တော်တို့က အားပေးအားမြှောက် လုပ်ပြီး လူငယ်တွေ ဒီထက် တော်လာအောင် လုပ်ပေးဖို့တော့ လိုမယ် ထင်ပါတယ်"

"ဆရာ သီချင်းအသစ်တွေ မရေးဖြစ်တော့ဘူးလား"
"ကျွန်တော် ရေးနေတာပဲ။ ဒါပေမယ့် အဲဒီသီချင်းတွေက ရှမ်းဘာသာနဲ့ ဆိုထားတဲ့ သီချင်းတွေ ဖြစ်နေတော့ ခင်ဗျားတို့ ကြားခွင့် မရကြတာပါ။ ကျွန်တော့သဘောကတော့ သီချင်းဟောင်းတွေမှာပဲ တ၀ဲလည်လည် ဖြစ်နေကြမယ့်အစား သီချင်းသစ်တွေကို ဆိုကြစေချင်ပါတယ်"

"ဒီနေ့ လူငယ်တွေက ဆရာ့သီချင်းတွေ ဆိုချင်ပါတယ်လို့ တောင်းခံလာရင်ကော"
"ရပါတယ်ဗျာ။ သီချင်းတွေ ဆိုမယ်ဆိုရင် ကျွန်တော်က ဘယ်သူ့ကိုမဆို ခရီးဦးကြို ပြုနေပါတယ်။ ရှမ်းဘာသာစကားနဲ့ ဆိုသွားတဲ့ သီချင်းတွေကို မြန်မာ ဘာသာ ပြန်ပေးလည်း ရတာပဲ။ ဒါမှမဟုတ် မြန်မာသီချင်းသစ် ရချင်တယ် ဆိုရင်လည်း ကျွန်တော်က ပေးချင်ပါတယ်။ ဒါမှလည်း သီချင်းသစ်တွေ ပရိသတ်ကြားမှာ ပျံ့နှံ့လာမယ် မဟုတ်လား" လို့ ဆိုကြောင်းပါ။

ဒါကြောင့် ဆရာ စိုင်းခမ်းလိတ်ရဲ့ သီချင်းသစ်များနဲ့ လူငယ်အဆိုရှင်များ ပေါ်ထွက်လာမယ့် အချိန်ကို ကျွန်တော်တို့ မျှော်လင့်နေမိပါတယ်။ ။

No comments: