Tuesday, September 17, 2013

စိတ္တသုခပရဟိတလူငယ်များ ရွှေကြက်ယက်ကျေးရွာအုပ်စု ရေဘေးသင့်သူများအား ထမင်းထုတ်နှင့် ရေသန့်လှူဒါန်း

စိတ္တသုခပရဟိတလူငယ်များမှ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရေဘေးသင့်မိသားစုများအား စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ထမင်းထုတ်နှင့် ရေသန့်များ သွားရောက်လှူဒါန်းကြသည်။ မန္တလေး-စစ်ကိုင်းလမ်းဘေးသို့ ပြောင်းရွှေ့နေထိုင်ကြသော အဆိုပါရေဘေးသင့် မိသားစုများအား စိတ္တသုခ ပရဟိတလူငယ်များသည် ထမင်းထုတ်နှင့် ရေသန့်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းကြရာ အမရပူရမြို့နယ် မြို့နယ်ကြက်ခြေနီ တပ်ရင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီပေးကြပြီး အုပ်ချုပ်ရေးမှူးကလည်း စနစ်တကျ လှူဒါန်းနိုင်ရေး အတွက် အကူအညီပေးအပ်သည်။ “ရွှေကြက်ယက်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၂၄ ရွာရှိပါတယ်။ သုံးပုံနှစ်ပုံလောက်က ရွာတွေထဲ ရေ၀င်လို့ စစ်ကိုင်း-မန္တလေး လမ်းဘေးနဲ့ ရေလွတ်တဲ့ ဘုန်းကြီးကျောင်းတွေမှာ နေကြပါတယ်။ ကယ်ဆယ်ရေးစခန်းတော့ ဖွင့်မထားပါဘူး။ ထမင်းထုတ်လာဝေတာလည်း အခု စိတ္တသုခပရဟိတလူငယ်တွေလာလှူဒါန်းတာ ပထမဆုံးပဲ ဖြစ်ပါတယ်” ဟု အရေးပေါ်ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရွှေကြက်ယက်ကျေးရွာအုပ်စုတွင် ကျေးရွာ ၂၄ ရွာရှိရာ ရွှေလေးရွာမ၊ မိုးကောင်း၊ ကွက်သစ် (၁)(၂)(၃)၊ ခြောက်သွေးသောက်၊ ကံထော်၊ တိုက်စိုး၊ ကတ္ထီပါ၊ ယက္ကန်တော်၊ နန်းမတော်၊ ပတ္တမြား၊ စံရွှေ၊ အိမ်မြင့်၊ ရွာသစ် အစရှိသော ကျေးရွာများမှာ နေအိမ်များသို့ ရေ၀င်ရောက်နေပြီး ရေလွတ်ရာသို့ပြောင်းရွှေ့နေကြရပြီး ကျေးရွာအချို့မှာ နှစ်စဉ်ရေ၀င်သဖြင့် စစ်ကိုင်း-မန္တလေးလမ်းမပေါ်တွင် ပြောင်းရွှေ့နေထိုင်လေ့ရှိကြရကာ တကူးတကလာရောက်လှူဒါန်းသူများ နည်းပါးသည်။ ယခုနှစ်တွင် ရေ၀င်သည့်ကျေးရွာပိုမိုများပြားသဖြင့် ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြမှုမှာ များပြားနေပြီး ရေနှင့် အစားအသောက်များ လိုအပ်လျက်ရှိသည်ကို ရေဘေးသင့်မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ စိတ္တသုခ ပရဟိတလူငယ်များမှ ရေဘေးသင့်မိသားစုအတွက် လိုအပ်သည့် ရေသန့်နှင့် ထမင်းထုတ်များကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ကိုလည်း တတပ်တအား ပါဝင် လှူဒါန်းကြမည်ဖြစ်ကြောင်းသိရသည်။